၂၇ . ၉ . ၂၀၀၉ ( တနင်္ဂနွေနေ့) ၊ သန်းမင်းစိုး
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ မှ ယနေ့ (၂၇.၉.၂၀၀၉) နေ့တွင် ၂ နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှု အဖြစ် မြန်မာပြည်တွင်းတွင်ပြုလုပ်ခဲ့ကြောင်းသတင်း ရရှိပါသည်။
ထိုလှုပ်ရှားမှုနှင့် ပတ်သက်ပြီး ဟံသာဝတီမှ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ကိုသန်းနိုင်အား မေးမြန်းရာတွင် ကိုသန်းနိုင်မှ ဘုရားသားတော် အရှင်သူမြတ်များ သွေမြေ ကျခဲ့သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကို ဦးညွတ် အလေးပြုသည့် အနေဖြင့် လည်းကောင်း ၊ သံဃာတော်များ ဦးဆောင်ပြီးပြုလုပ်မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီးမှတဆင့် အမျိုးသားလွတ်မြောက်ရေး လုပ်ရှားမှုကြီးကို ထောက်ခံသောအားဖြင့် လည်းကောင်း ပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇျန ကံဆောင် သပိတ်ကြီးမှတဆင့် အမျိုးသား လွတ်မြောက်ရေး လုပ်ရှားမှုကြီးတွင် အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ သံဃာတော် အရှင် မြတ်များ နှင့် အတူ လက်တွဲပြီး အောင်ပွဲရသည်အထိ စစ်အစိုးရအား တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ပြောပြပါသည်။
ထိုလှုပ်ရှားမှုနှင့် ပတ်သတ်ပြီး မန္တလေးရှိ စာနယ်ဇင်းသမားတစ်ဦးကလဲ ဟံသာဝတီကို အခုလို ပြောပြပါတယ်။ ဒီနေ့ မနက်အစောပိုင်းလောက်က လူငယ် ၄ ယောက်ဆိုင်ကယ် နဲ့ လာပြီး ကျွန်တော်တို့ ထိုင်နေတဲ့ လ္ဘက်ရည် ဆိုင်ကို ဗိုလ်ချုပ်အောင်ဆန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတဲ့ ပို့စကဒ်လေး တွေလာဝေတယ် ၊ ဆိုင်ထဲက တချို့လူတွေတော့ ယူတယ် ၊ တချို့လူတွေကတော့ ကြောက်ပြီး ယူကြဘူး၊ ကျွန်တော်အထင် ပို့စကဒ်အစောင် (၃၀) လောက်တော့ ဖြစ်မယ်ထင်တယ်၊ သူတို့တွေ ဒီလိုလုပ်တာကို ကျွန်တော်တို့အနေနဲ့ ထောက်ခံတယ် ဆိုသည့်အကြောင်း ပြောပြပါသည်။
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ မန္တလေး၊ တောင်ကြီး၊မြစ်ကြီးနား၊ ကလေး ၊လာရှိုး၊ ပင်လုံနှင့် ရွှေဘို စသည့် မြို့များတွင် ၄” x ၆” အရွယ်အစားရှိ ဗိုလ်ချုပ်အောင်ဆန်း နှင် ဒေါ်အောင်ဆန်စုကြည်ပုံပါ ပို့စကဒ် အစောင်ရေ (၁၀၀၀) ကျော်အားဖြန့်ဝေခဲ့ပြီး အာဏာပိုင်များမှ မသိရှိ၍ အခက်အခဲမရှိ ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။
အထက်ဗမာပြည်ကျောင်းသားသမဂ္ဂ ကို သခင်ထွန်း ဦးဆောင်သော မျိုးချစ် ပုဂ္ဂိုလ်များ နှင့် ကျောင်းသား/သူ များ စုပေါင်းပြီး မန္တလေးမြို့၊ မန္တလေးတက္ကသိုလ်ဓမ္မာရုံတွင် ၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး တစ်ဖက်တစ်လမ်းမှ ဒီမိုကရေစီရရှိရေးအတွက် လှုပ်ရှားနေသော အဖွဲ့တခုဖြစ်ပြီးယနေအထိ စစ်အစိုးရမှ ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် အထက်ဗမာပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် (၂၀) ကျော်ပါဝင်ကြောင်း သိရှိရသည်။