စာသင်တိုက်တိုင်း မြန်မာစစ်အစိုးရအား သပိတ်မှောက် ကမ္မဝါစာ ရွတ်ဆိုရန် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ တိုက်တွန်းနှိုးဆော်


Tue 15 Sep 2009, မင်းအာသံ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ လာမည့်အောက်တိုဘာလ ၃ ရက်နေ့ သီတင်းကျွတ် လပြည့်နေ့တွင် စာသင်တိုက်တိုင်း မြန်မာစစ်အစိုးရအား သပိတ်မှောက်သည့် ကမ္မဝါစာ ရွတ်ဆိုရန် တိုက်တွန်းနှိုးဆော်ထားသည်။

သီတင်းကျွတ်လပြည့် သံဃာ့ပဝါရဏာပွဲနေ့တွင် ပဝါရဏာပြုရာ စာသင်ကျောင်းတိုက်တိုင်း သံဃာ့တော်များ စုပေါင်းကာ ပါဠိဘာသာဖြင့် ၄င်းကမ္မဝါစာကို ကျောင်းတိုက်အသီးသီး၌ ရွတ်ဆိုသွားမည်ဟု သံဃာတော်များ၏ မိန့်ကြားချက်အရ သိရပါသည်။

ယနေ့ မြန်မာစစ်အစိုးရ၏ သံဃာတော်များအပေါ် ပြုလုပ်နေသော လုပ်ရပ်မှာ တရားမျှတမှုမရှိသောကြောင့် ယခုကဲ့သို့ မြတ်စွာဘုရားရှင်၏ ဝိနည်းဥပဒေတော်နှင့်အညီ ကမ္မဝါစာကို ထုတ်လုပ်ရွတ်ဆိုခြင်း ဖြစ်သည်ဟု မြန်မာ နိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာ့သာမဂ္ဂီအဖွဲ့တို့က မိန့်ကြားခဲ့သည်။

ပါဠိဘာသာဖြင့် ရေးထားသော ကမ္မဝါစာတွင်- “မြန်မာနိုင်ငံ သူခိုးကြီး စစ်အစိုးရက သံဃာတော်များအား သတ်ဖြတ်ခြင်း ညှဉ်းပမ်း နှိပ်စက်ခြင်း၊ ဖမ်းဆီး ထောင်ချခြင်း၊ ရိုက်နှက်ခြင်းနဲ့ စော်ကားခြင်း “ စသော အဓိပ္ပါယ်ကို ပါဠိဘာသာဖြင့် အထူးပြု ရေးသားထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာ့သာမဂ္ဂီအဖွဲ့များက မြန်မာစစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတမှုမရှိ၍ ၄င်းတို့၏ လုပ်ရပ်ကို သဘောမတူသောကြောင့် သပိတ်မှောက်ကံဆောင်မည့် ပါဠိဘာသာကမ္မဝါစာကို စာသင်တိုက်များနှင့် မီဒီယာများထံသို့ ယခုကဲ့သို့ ပေးပို့တောင်းဆိုထားခြင်းဖြင့်သည်ဟု မော်လမြိုင်မြို့ရှိ ကျောင်းတိုက်တစ်တိုက်တွင် ပညာဆည်းပူးနေသော သံဃာတော်တစ်ပါးက မိန့်ကြားသည်။

“ကျောင်းတိုက်တွေမှာ ဒီစာ ဖြန့်နေတယ်။ ကျောင်းတိုက်မှာ ရှိတဲ့ ဦးဇင်းတိုင်း သိတယ်။ ဒီစာနဲ့ ပတ်သက်ပြီး အီးမေးတွေမှာလဲ ဖြန့်နေကြတယ်။ ဒီစာကို လက်ခံရရှိသွားရင် လက်ဆင့်ကမ်း ဖြန့်ဝေပေးကြပါ။ ပရင်တာနဲ့ ထုတ်ပါ။ မိတ္တူကူးပါ။ ပရင်တာမိတ္တူမရှိရင် လက်ရေးနဲ့ ကူးပြီး ကျောင်းတိုက်များကို ဆက်ကပ် ပေးကြပါလို့ တိုက်တွန်းနှိုးဆော်ထားပါတယ်” ဟု အထက်ပါ သံဃာတော်က ဆက်လက် မိန့်ကြားခဲ့သည်။

မြန်မာစစ်အစိုးရက ရွှေဝါရောင် သံဃာအရေးအခင်း အချိန်ကာလ နှင့် နီးကပ်နေသောကြောင့် သံဃာတော်များကို စောင့်ကြည့်နေကြပြီး ကျောင်းတိုက်အနီး ပတ်ဝန်းကျင်တွင်လည်း လုံခြုံရေးများ ချထားကြောင်း သိရသည်။

“နအဖရဲ့ လုပ်ရပ်ကြောင့် ဦးဇင်းတို့ ဆွမ်းခံကြွလည်း အစောင့်တွေနဲ့ ဘာနဲ့ ရှိတယ်။ သူတို့လည်း ဗုဒ္ဓဘာသာဖြစ်ပြီး ဘုန်းကြီးတို့ကိုလည်း ညှာတာတာမျိုး မရှိဘူး။ နောက်ပြီး ဒီအချိန်ဆိုရင် ဆွမ်းကြီးလောင်းပွဲတော် အချိန်လဲ ဖြစ်နေတော့ နအဖက ပိုပြီး တပ်ကြပ်ထားတယ်။ ဦးဇင်းတို့ ဘယ်သွားသွား အုပ်စုနဲ့ဆိုရင် နအဖက လိုက်ကြည့်တာမျိုး ရှိတယ်။ အခုချိန်ဆိုရင် ဘုန်းကြီးဆို ပိုပြီ စစ်ဆေးခံရတယ်။” ဟု ရဟန်းပျိုတစ်ပါးက မိန့်ကြားသည်။


၂၀၀၇ ခုနှစ်တွင် လောင်စာဆီဈေး ၅ ဆ တက်သွား၍ ပြည်သူလူထုက အခက်အခဲကြုံတွေ့နေရသည်ကို အကြောင်းပြုပြီး သံဃာတော်များ ဦးဆောင်ကာ ရန်ကုန်၊ မန္တလေးနှင့် မြို့ကြီးအများအပြားတွင် မေတ္တာသုတ်ရွတ်ဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သောကြောင့် ထူးခြားသည် ရွှေဝါရောင် တော်လှန်ရေး (ခေါ်) ၂၀၀၇ စက်တင်ဘာအရေးအခင်း ဆန္ဒပြပွဲ ဖြစ်ပေါ်လာခဲ့သည်။


လွန်ခဲ့သော စက်တင်ဘာ (၉) ရက်နေ့တွင် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည် ဖော်ဆောင်ရေးကော်မတီမှ တပ်မတော်သားများနှင့် ဝန်ထမ်းများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ဖြန့်ချိခဲ့သည်ဟု သိရသည်။